မစင်ကနေ ကူးစက်နိုင်တဲ့ H, Pylori ဝမ်းပျက်ပိုးအကြောင်း
အစာအိမ်ကို ဒုက္ခပေးတဲ့ အထဲမှာ H. pylori က အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ H. pylori ဆိုတာက ဘက်တီးရီးယား တစ်မျိုးဖြစ်ပြီး တချို့တွေမှာ ဘာပြဿနာမှ မရှိပေမယ့် တချို့တွေမှာတော့ အစာအိမ်နဲ့ အူသိမ်ဦးမှာ အနာတွေ ဖြစ်စေတဲ့၊ အစာအိမ်ကင်ဆာကို ဖြစ်စေနိုင်တဲ့ လက်သည်တရားခံလည်း ဖြစ်ပါတယ်။
H. pylori ဟာ Fecal- oral Route လို့ခေါ်တဲ့ ရောဂါပိုးရှိတဲ့သူရဲ့ မစင်ကနေ လူတစ်ယောက်ကို တစ်ယောက် ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့ မစင်ကို ကိုင်တွယ်ပြီး လက်သေချာမဆေးဘဲ စားစရာသောက်စရာတွေကို ကိုင်တွယ်၊ ပြင်ဆင်၊ စားသောက်မိ၍ ဖြစ်စေ၊ မစင်မှာ နားထားတဲ့ယင်ကောင်က အစားအစာမှာ လာနားပြီး ယင်ကောင်ရဲ့ ခြေထောက်တွေမှာ သယ်ဆောင်လာတဲ့ ရောဂါပိုးကို စားသောက်မိ၍ ဖြစ်စေ ကူးစက်နိုင်ပါတယ်။
H. pylori အနေနဲ့ ရောဂါလက္ခဏာ သီးသန့်ပြလေ့ မရှိပေမယ့် အစာအိမ်အနာ သို့မဟုတ် အူမှာအနာ ဖြစ်လာတဲ့အခါ…
- လေပွလေကယ်တာ
- အစာမကြေတာ
- ဝမ်းဗိုက်အပေါ်ပိုင်းမှာ အောင့်တာ၊နာတာ၊ မအီမသာကြီး ဖြစ်နေတာ
- ရင်ပူတာ
- အစာနည်းနည်းစားတာနဲ့ ပြည့်အင့်ပြီး နာလာတာ
- ပျို့အန်တာ
- အနာက သွေးထွက်နေရင် အန်တဲ့အခါ သွေးပါလာတာတွေ ခံစားရနိုင်ပါတယ်။
H. pylori မှန်း ဘယ်လို သိနိုင်မလဲ?
ရောဂါလက္ခဏာတွေ ကြည့်ယုံနဲ့တော့ မသိနိုင်ပါဘူး။
- သွေးဖောက်ပြီး H. pylori ပိုးအတွက် Antibody ရှိမရှိ စစ်ကြည့်တာ (Blood Test)
- Urea ပါတဲ့ အရည်ကို သောက်ပြီး အိတ်ထဲကို အသက်ရှူထုတ်ကာ ဓာတ်ခွဲခန်းပို့ စစ်ဆေးတာ (Breathing Test)
- ဝမ်းကို စစ်ဆေးတာ (Stool Test)
- အစာအိမ်မှန်ပြောင်းကတဆင့် အရည်ကို ယူပြီး စစ်ဆေးတာ (Biopsy) တွေကနေ သိနိုင်ပါမယ်။
ကုသမှု…
H. pylori မှန်း သေချာပြီ ဆိုတာနဲ့ ကုသမှု စရပါမယ်။
- အစာအိမ်နဲ့ အူနံရံတွေက H. pylori ပိုးတွေကို သေစေနိုင်တဲ့ Amoxicillin, Clarithromycin, Metronidazole, Tetracycline, Tinidazole စတဲ့ ပိုးသတ်ဆေးတွေ
- အစာအိမ်ထဲက အက်ဆစ်ပမာဏကို လျှော့ချပေးတဲ့ Dexlansoprazole, Esomeprazole, Lansoprazole, Omeprazole, Pantoprazole, Rabeprazole စတဲ့ ဆေးတွေ
- အစာအိမ်ကနေ အက်ဆစ်ထုတ်လုပ်မှုကို လျှော့ချပေးမယ့် Cimetidine, Famotidine, Nizatidine စတဲ့ ဆေးတွေ
- H. pylori တွေကို သေစေဖို့ ကူညီပေးတဲ့ Bismuth Subsalicylate ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ ၁ ပတ်ကနေ ၂ ပတ်ကြာလောက်ထိ သောက်ပေးရပါမယ်။
ဒါ့အပြင်
- H. pylori ကူးစက်မခံရအောင် မသန့်ရှင်းနဲ့ အစားအစာနဲ့ ရေကို ရှောင်တာ၊
- အစားအသောက် ကိုင်တွယ်ခါနီးတိုင်းနဲ့ အိမ်သာက ဆင်းတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောသန့်စင်တာမျိုးတွေလည်း လုပ်ပေးရပါမယ်။
H. pylori ဟာ အဖြစ်များတဲ့ ကူးစက်ရောဂါပိုးတစ်မျိုးပါ။ လူတိုင်း ကူးစက်ခံရနိုင်ခြေ ရှိပြီး ကုသမှုမခံယူရင် အစာအိမ်ကင်ဆာ၊ အစာအိမ်အနာ၊ အူအနာတွေကနေ အစာအိမ်ပေါက်၊ အူပေါက်ပြီး အရေးပေါ် ခွဲစိတ်ရတာ၊ အသက်ဆုံးရှုံးနိုင်တာတွေထိ ဖြစ်နိုင်တာမို့ သန့်ရှင်းမှုဖြင့် ကာကွယ်ဖို့ လိုအပ်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်